လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

လိပ်သို ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ  လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို ယနေ့နံနက် ၉  နာရီအချိန်က အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူလေးများအား အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် စသည့်နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍  အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို အခမဲ့ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို  လက်ဝယ်အရောက် ငှါးရမ်းပေးခြင်းလုပ်ငန်းတို့အပြင်  စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့်  ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက်  Online  မှတစ်ဆင့်  Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)