ထားဝယ်မြို့တွင် ထားဝယ်ဗုဒ္ဓတက္ကသိုလ်၊ ၂၀၂၄ ပညာသင်နှစ်ကျောင်းဖွင့်ပွဲနှင့် ကျောင်းသားသစ်ကြိုဆိုမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ထားဝယ် ဇန်နဝါရီ ၈

ထားဝယ်ဗုဒ္ဓတက္ကသိုလ် ၂၀၂၄ ပညာသင်နှစ်ကျောင်းဖွင့်ပွဲနှင့် ကျောင်းသားသစ်ကြိုဆို မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသာနာ့ရိပ်သာဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ထားဝယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒဉာဏက သြဝါဒကထာမြွက်ကြားသည်။

ဆက်လက်၍ ပညာရေးနှင့်သင်ကြားရေးတာဝန်ခံဆရာကြီး ဦးအောင်ဇော်နိုင်က ဗုဒ္ဓတက္ကသိုလ် ပညာရပ်များဆိုင်ရာများကို တင်ပြလျောက်ထားပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က မုဒိတာစကားပြောကြားကာ ဘီအေနောက်ဆုံးနှစ်ကျောင်းသား ဦးယုနိုင်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ထားဝယ်ဗုဒ္ဒတက္ကသိုလ်တွင် ပညာရပ်များသင်ကြားပေးမည့် ကထိက ဆရာတော်များအား ဂါရဝပြုမိတ်ဆက်ပေးပြီး ပါမောက္ခချုပ်ဆရာတော်နှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်ကာ "ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းလိုက်သည်။

P.A.B.E (Basic Diploma) အခြေခံဒီပလိုမာတန်းအတွက်ပထမကြီးတန်း မအောင်သေးသော သံဃာတော်၊ သီလရှင်များနှင့် အသက် (၁၆) နှစ်အထက် အလယ်တန်းအဆင့်မှ ဘွဲ့ရအထိ ပုဂ္ဂိုလ်များ၊ P.S.E (Advanced Diploma) အဆင့်မြင့်ဒီပလိုမာ တန်းအောင်မြင်ပြီးသူများသည် (B.A) ဝိဇ္ဇာအတန်းအား ဆက်လက်သင်ယူနိုင်ပြီး၊ (P.S.E Diploma) အဆင့်မြင့်ဒီပလိုမာတန်း တက်ရောက်လိုသူများသည် ပထမအကြီးတန်းအောင် ဓမ္မာစရိယအဆင့်ရှိ သံဃာတော်၊ သီလရှင်များနှင့် P.A.B.E တန်းအောင်မြင်ပြီး ပုဂ္ဂိုလ်များတက်ရောက်သင်ယူနိုင်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)