ဒေးဒရဲ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများစားသုံးဆီဖူလုံရေးနှင့် ကျေးလက်နေ ပြည်သူများမိသားစုဝင်ငွေတိုးပွား စေရေးအတွက် ရေငန်ဝင်ရောက်သည့် ဒေသများတွင် ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးလျက်ရှိရာ လျာထားဧကများ အချိန်မီစိုက်ပျိုး ပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်က မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ ဆောင်းနေကြာ လျာထားဧကများ အချိန်မီ ပြီးစီးရေးနှင့် ရေငန်ဝင်ရောက်၍ နွေစပါး မစိုက်ပျိုးနိုင်သည့် တောင်သူများ ဆောင်နေကြာ စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများအား နည်းပညာပေးသင်တန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများအား ပူးပေါင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက ဆီထွက်သီးနှံဆောင်းနေကြာ လျာထားဧကများ အချိန်မီစိုက်ပျိုးပြီးစီးရေးနှင့် ဆောင်းနေကြာစိုက်ပျိုးလျက်ရှိသည့် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ၊ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များ၊ စိုက်ပျိုးရေရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယ တိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ပြည်သူများ စားသုံးဆီဖူလုံရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆) အုပ်စုရှိ ဆောင်နေကြာ (၃၂၀) ဧက စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။
အေဇာလင်း