မုံရွာ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူများအား နည်းပညာပေး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
ဦးစွာ မုံရွာခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့်က “ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူများအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် နည်းပညာများ၊ ကြက်သွန်နီသီးနှံ အရည်အသွေး နှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲနည်းများ သိရှိစေရန်နှင့် မျိုးကောင်းမျိုးသန့်များ သုံးစွဲတတ်စေရန်၊ ကြက်သွန်နီသီးနှံတွင် ကျရောက်တတ်သည့် ပိုးမွှား၊ ရောဂါများ ကာကွယ်နှိမ်နှင်းနည်း များနှင့် ရွက်ဖျန်းမြေဩဇာများ တောင်သူများ လက်တွေ့သိရှိ ပြုလုပ်သုံးစွဲတတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းသို့ တက်ရောက်လာသည့် တောင်သူများအား တိုင်မြေအသုံးချရေး တာဝန်ခံမှ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ရေး အတွက် မြေအသုံးချရေးဆိုင်ရာ နည်းပညာများ၊ သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲနည်းနှင့် ရရှိမည့် အကျိုးကျေးဇူးများအားလည်းကောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံမှ ကြက်သွန်နီသီးနှံ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ရည်ရွယ်ပြီး ဓာတ်မြေဩဇာများ အသုံးပြုရာတွင် ထည့်သွင်းရမည့်အချိန်၊ ထည့်သွင်းရမည့် ဓာတ်မြေဩဇာအမျိုးအစား၊ ထည့်သွင်းရမည့် ပမာဏတို့ သိရှိစေရန် ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲနည်းများအားလည်းကောင်း၊ ခရိုင်မျိုးစေ့ တာဝန်ခံမှ မျိုးကောင်းမျိုးသန့်များ သုံးစွဲရေးနှင့် ရရှိမည့် အကျိုးကျေးဇူးများအား လည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံမှ ကြက်သွန်နီသီးနှံ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်းများ အားလည်းကောင်း အသီးသီးဆွေးနွေးပို့ချခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက တောင်သူများအား ငါးအမိုင်နိုအက်ဆစ် ရွက်ဖျန်းမြေဩဇာပြုလုပ် သုံးစွဲနည်း ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်တွေ့ပြုလုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကာ အဆိုပါ သင်တန်းနှင့် ပြပွဲသို့ ဝန်ထမ်း(၁၅)ဦး၊ တောင်သူ(၄၅)ဦး၊ စုစုပေါင်း(၆၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)