မကွေး ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့တွင် စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန်းရွှေစက်တော်ဘုရားသွားရာ (၃)မိုင် အဝင်လမ်းရှိ မုခ်ဦးရှေ့သို့ ရောက်ရှိပြီး ကြည့်ရှု စစ်ဆေးရာ မန်းရွှေစက်တော်ဘုရားသွားရာ(၃)မိုင် အဝင်လမ်း၌ Landscape အလှပန်းခြံ၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးရန် ဆောင်ရွက်ခြင်း၊ မြေထိန်း နံရံတည်ဆောက်ခြင်း၊ (၃)မိုင်းလမ်းတစ်လျှောက် (Flower Box) ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် (Box Culvert) တံတားငယ်နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန်းရွှေစက်တော်ဘုရားသို့ ရောက်ရှိကာ ဘုရားပွဲတော်ကျင်းပမည့် ပွဲတော်ကွင်းတွင် မန်းချောင်းအတွင်း ရေလမ်းကြောင်းလွှဲခြင်း၊ တည်ခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နိုင်ရေး မြေနေရာရှင်းလင်းခြင်း၊ အထက် စက်တော်ရာ ခြေလျင်အတက် စောင်းတမ်းရှေ့၌ မန်းချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွကခြင်း၊ နဂါးအိုင်ပြုပြင်ခြင်း၊ အောက်စက်တော်ရာ ဘုံ(၇)ဆင့်ရှိ မျက်ပါးရွှေဆိုင်းများကို ရွှေဆေးအသစ်ဖြင့် ပြန်လည်ကပ်လှူပူဇော်နိုင်ရန်နှင့် ဘေလီသံပေါင်တံတား တပ်ဆင်ရန် ဆောင်ရွက်ခြင်း၊ လင်းနို့တောင် စတီးပန်းဆွဲများကို မြန်မာမှုရှေးမူလက်ရာမပျက်ပြုပြင်ခြင်း၊ အောက်စက် တော်ရာနှင့် အထက် စက်တော်ရာ အမိုး၊ မျက်နှာကျက် အလှဆင်ခြင်းနှင့် ဘုံအဆင့် တိုင်လုံးများ ဆေးသုတ်ပြုပြင်ခြင်း၊ ကိုးခန်းကြီးမှ အထက်စက်တော်ရာ အတက်လမ်း စောင်းတန်း (၅)သွယ် ပြုပြင်ခြင်း၊ ကိုးခန်းကြီးနှင့် ဓါတ်လှေကားကြား၌ ကျောက်ကြီးစီ၍ မြေထိန်းနံရံများ တည်ဆောက် ပြုပြင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန်းရွှေစက်တော်ဘုရား ပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား မန်းရွှေစက်တော် ဘုရားပွဲတော် မကျင်းပမီ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် တည်ဆောက်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအားလုံး ကို ဘုရားပွဲတော် ရက်မတိုင်မီအပြီး ဆောင်ရွက်သွားရန် မှာကြားကာ၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန်းရွှေစက်တော်ရာဘုရား အထက် စက်တော်ရာနှင့် အောက်စက်တော်ရာတို့တွင် ရွှေသင်္ကန်းနှင့် ပန်းရေချမ်း ဆီမီးများ ကပ်လှူ ပူဇော်ကာ ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့ထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်သည် မြန်မာလ ဝါထပ်သည့်နှစ် ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလကို (၆၄)ရက်သာ ကျင်းပမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံးပေါင်း (၈၀၀)ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း (၄၀၀)ခန့်ကို ဆောက်လုပ်ပေး သွားမည်ဖြစ်ပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့နယ် ကန်ရေ-ရေမျက်-ကျောက်တန်း လမ်းပိုင်း တလျှောက်ရှိ မိုးကောင်းသောက်ယာမြေများသို့ ရောက်ရှိခဲ့ပြီး ကွင်းအမှတ် ၁၃၀၄ ရှိ မိုးကောင်းသောက်ယာမြေများတွင် မြေအောက်ရေတွင်း ဆိုလာရေတင် စနစ်ဖြင့် ဖြည့်စွက်ရေအသုံးပြု၍ ယာသီးထပ်(နေကြာ၊ ကြက်သွန်နီ၊ ကုလားပဲ၊ စားဖိုဆောင်သီးနှံ) စိုက်ခင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည့် ဒေသနေတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ကန်ရေအုပ်စု တောင်သူ ဦးအောင်ဆန်းဝင်း၏ ယာမြေ(၁၂)ဧကတွင် ဆိုလာရေတင် စနစ်ဖြင့် ဆောင်းနေကြာ ဆင်းရွှေကြာ -၂ RS to CS မျိုးစေ့ထုတ်စိုက်ခင်း (၄)ဧကနှင့် ဆောင်းကုလားပဲ ရေဆင်း- ၆ ၃ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု၊ ကွင်းအမှတ် ၁၃၀၄၏ မိုးသီးနှံနှင့် သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးနိုင်မှု အခြေအနေတို့အား စိုက်ပျိုးရေးဦးစီးဌာန မင်းဘူးမြို့နယ် ဦးစီးမှူးနှင့် ဒေသတောင်သူများမှ ယခုနှစ်အတွင်း ၎င်းတို့၏ မိုးကောင်းသောက် ယာမြေများတွင် မြေအောက် ရေတွင်းများတူးဖော်၍ ဆိုလာရေတင်စနစ်ဖြင့် သီးထပ်သီးနှံများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှုတို့အား တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာခြင်းဖြင့် တောင်သူများ၏ လက်တွေ့ဘဝ စီးပွားရေး တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား နည်းစနစ်တကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သဖြင့် သဘာဝမြေဆွေး/ သစ်စိမ်းမြေဆွေးများကို ပိုမိုအလေးထားဆောင်ရွက်ကြရမည် ဖြစ်ပြီး စိုက်ဧက အကွက်ကျယ်များ ပြုပြင်စိုက်ပျိုးနိုင်ရေး၊ အထွက်ကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေးနှင့် ရာသီမှန် သီးနှံစိုက် ပုံစံမှန် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် အတူ နည်းစနစ်တကျ ဆောင်ရွက်နိုင်စေရေး လမ်းညွှန်မှာကြားကာ၊ ဒေသခံတောင်သူများမှ တင်ပြ လာသည့် ကန်ရေ-ရေမျက် ကျောက်ချောလမ်းပိုင်း၏ ရေထုတ်မြောင်းပြုပြင်ရန် လိုအပ်ချက်အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ