ပြည် ဇန်နဝါရီ ၇
ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဥ်ဖြင့် ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး ငါးထပ်ဆေးကုသဆောင်သစ်၌ ယနေ့နံနက်ပိုင်းကစ၍ ပြည်မြို့နှင့်ဒေသတွင်းရှိ ရဟန်းရှင်လူပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကို ယခုလ ၇ ရက်မှ ၈ ရက်နေ့အထိ နှစ်ရက်ကြာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ကျန်းမာရေးစစ်ဆေးကုသမှုများ လာရောက်ခံယူနိုင်ကြောင်းနှင့် အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများအဖွဲ့က ဦးနှောက်နှင့် အာရုံကြောရောဂါ၊ ဆီးချိုဟော်မုန်းနှင့် ကင်ဆာရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ရင်ခေါင်းနှင့်ပတ်သက်သည့် ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ မျက်စိ/နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ အစရှိသည့် အထွေထွေရောဂါများအား သက်ဆိုင်ရာကဏ္ဍအလိုက် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး လူနာများအတွက် (တစ်ပတ်စာ)ဆေးဝါးများ အခမဲ့ပေးအပ်ကာ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းတို့ကိုလည်း ဆောင်ရွက်ကြောင်း သိရသည်။
ယင်းဆောင်ရွက်မှုများအား ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်နှင့် ကုသရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးကြပြီး ပြည်သူ့ဆေးရုံကြီး၌ ယနေ့တွင် ဒေသတွင်းရှိ သံဃာတော်နှင့် သီလရှင်များအပါအဝင် ရဟန်းရှင်လူပြည်သူ စုစုပေါင်း(၄၁၀)ဦး လာရောက်ဆေးကုသစစ်ဆေးမှုခံယူကြကြောင်းနှင့် ယင်းသို့ အခမဲ့ကျန်းမာရေး စစ်ဆေးကုသမှုခံယူသူများနှင့် ကူညီဆောင်ရွက်ပေးကြသော ကျန်းမာရေးဝန်ထမ်းများနှင့် မြို့ခံပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ပြည်ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက နေ့လယ်စာအာဟာရဒါန ထမင်းဘူးများ ဝေငှပေးကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)