ချောက် ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (၂) ကျောင်းသား/သူလေးများမှ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ တိုင်း/ခရိုင်ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည် ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ကာယဆု ၈၉ ဆု၊ ဥာဏဆု ၁၀၄ ဆု၊ တက္ကသိုလ်ဝင်ဆုအဖြစ် ၆ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၃ ဦးအပါ စုစုပေါင်းဆု ၁၉၇ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရှုခင်း၊ ရွှေပြည်စိုး၊ သုံးရောင်ခြယ်၊ မျှော်လင့်နေတုန်းပျို့ ဖုန်းလှမ်းခဲ့ပါ၊ လူဆိုသည်မှာ၊ ကဗျာလွတ်တေးသီချင်းသရုပ်ဖော် အကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအုပ်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)