ဝေါမြို့ သဒ္ဒမ္မပါလကျောင်းဆရာတော် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝေပုလ္လ (မဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်မြတ်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲ ကျင်းပ

ဝေါ ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့ သဒ္ဒမ္မပါလကျောင်းဆရာတော် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝေပုလ္လ (မဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်မြတ်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲကို ယနေ့နံနက်(၉း၀၀)နာရီက သဒ္ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘုရားအမှူးရှိသော ဆရာတော်သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့အခမ်းအနား ဖွင့်လှစ်ပြီး သဒ္ဒမ္မပါလကျောင်းဆရာတော် မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝေပုလ္လ (မဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်မြတ်ထံမှ ငါးပါးသီလခံယူပြီး။ ပဲခူးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ (မင်္ဂလဓမ္မဇောတိကဓဇ) ဦးလှတင်ဦး ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အပူဇော်ခံ ဆရာတော်ဘုရားအား အရှင်စိန္တိတ(သဒ္ဓမ္မမဏ္ဍိုင် ရန်ကုန်)မှ ရေးသားပူဇော်အပ်သော ရစ်ဆယ်ပေါ်တေးထပ်နှင့် အရှင်ကိတ္တိသာရ(သဒ္ဓမ္မမဏ္ဍိုင် ရန်ကုန်)ရေးသားပူဇော်အပ်သော ရတုပိုဒ်စုံကို ပဲခူးမြို့တေးညွန့်မင်္ဂလာဆောင်းအဖွဲ့မှ ရွှေတံဆိပ်ဆုရှင် မထက်ထက်မော်က ရွတ်ဆိုပူဇော်သည်။

အပူးဇော်ခံဆရာတော်ဘုရားအား အရှင်ကိတ္တိသာရ (သဒ္ဓမ္မမဏ္ဍိုင်၊ ရန်ကုန်)မှ ရေးသားပူဇော်အပ်သော ထုတိဝေဒလ္လဂါထာတော်ကို ကြာလဟာဆရာတော်မှ ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက သာသနာရေးဆိုင်ရာများ လျောက်ထားပြီး အပူဇော်ခံဆရာတော်ဘုရားအား ပဲခူးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ (မင်္ဂလဓမ္မဇောတိကဓဇ)ဦးလှတင်ဦးက ဘွဲ့လက်မှတ်ဆက်ကပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ဝေါမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်မှ ကျေးဇူးတင်စကားပြောကြားပြီး လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပြီး ပဲခူးမြို့ မင်္ဂလာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်း (တိုင်းဘက)ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ မှ ရေစက်ချ အနုမောဒနာတရားချီးမြှင့်ကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)