တောင်ငူမြို့၌ မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

တောင်ငူ ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၄)၊ ပင်လုံခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားအား အ.ထ.က(၄)မှ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာဆီ ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းက မြို့နယ်ပညာရေးစုံညီပွဲတော်နှင့်စပ်လျဥ်း၍ ပြောကြားပြီး ကဗျာလွတ်အကဖြင့် တိုင်းအဆင့် ပထမဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများက ကဗျာလွတ်အက၊ အ.ထ.က (၄)မှ ကျောင်းသား၊ ကျောင်းသူများက ကိုကိုလူဆိုးကြီး၊ ဦးရွှေရိုးနှင့် ဒေါ်မိုး၊ ပလေဖိုး သီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူရည်ချွန်ဆု၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း (CLEAN AND GREEN) ဆုရရှိသော ကျောင်းများ၊ စာစီစာကုံး၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်၊  National ICT Award ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါမြို့နယ်ပညာရေးစုံညီပွဲတော်သို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)