ပခုက္ကူမြို့၌ အသက် ၂ လမှ ၁၈ လ အအတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပခုက္ကူ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမများက ပခုက္ကူမြို့ရှိ ဒေသန္တရကျန်းမာရေးဌာနခွဲ (၁)နှင့် (၂)တို့၌ အသက်(၂)လမှ (၁၈)အတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာ ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်နေ့အထိ ကလေးငယ် (၁၅၂၅)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁၀၀)ဦး၊ စုစုပေါင်း (၁၆၂၅)ဦးတို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာ တစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ၊ဆေးခန်းများတွင် အမြန်ဆုံး သွားရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆောင်ရွက်ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘာမီသာ(ပခုက္ကူ)