မြန်အောင် ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က (၁) မြန်အောင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်က အ.ထ.က(၁) Assembly Hall ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် Grade 9 ကျောင်းသား/သူများက "ကြိုဆိုပါသည်စုံညီပွဲတော်" အဖွင့်သီချင်း သီဆိုဖွင့်လှစ်ပြီး မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်က မြန်အောင်မြို့နယ် ပညာရေးဆိုင်ရာများကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်အောင်၊ ရွှေပြည်သာရေနံမြေ အထွေထွေမန်နေဂျာ ဦးညွန့်နိုင်က ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး သြဝါဒစကား ပြောကြားပြီး အ.ထ.က(၁) မြန်အောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆွေက ပညာရေးစုံညီပွဲတော်၊ ဆုနှင်းသဘင် အခမ်းအနားနှင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြား၍ မိဘဆရာအသင်း အလုပ်အမှုဆောင် နာယက အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ကျောင်းဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ထူးချွန်ကျောင်းသား၊ကျောင်းသူများအား ကာယ၊ဥာဏ၊ ဘက်စုံပညာ ရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်သူများ၊ မြို့နယ်အဆင့်လူရည်ချွန် ဆုရရှိသူများ၊ အင်္ဂလိပ်စာ/သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုရရှိသူများ၊ ဆုရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများ၊ ခွင့်ရက်မရှိ စာသင်ကြားပေးသော ဆရာ/ ဆရာမများနှင့် အားကစားပြိုင်ပွဲဆုရရှိသူများ၊ ကာယ၊ဥာဏ၊ ဘက်စုံပညာရည်ချွန်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုး၊ မြန်အောင်၊ ရွှေပြည်သာရေနံမြေ အထွေထွေမန်နေဂျာ ဦးညွန့်နိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် အ.ထ.က(၁) မြန်အောင် ကျောင်းသား/ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)