တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်      ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး  အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော တက်ရောက်လာကြသူများက “နမော တဿ”' သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃ နာယကအဖွဲ့(သုဓမ္မာဂိုဏ်း) အကျိုးတော်ဆောင်၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအာလောကထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီး တက်ရောက်လာကြသူများက  “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)