ပေါင်းတည် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံဌာနခွဲ၌ သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်သည့် ပိုက်ဆံလျှော်ပင်များ မျိုးပြန့်ပွားရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားလျက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
တောင်သူအများစုသည် သီးနှံအထွက်တိုးရန်တစ်ခုအတွက် ဓာတုဆေးဝါးများ၊ ဓာတုဓာတ်မြေသြဇာများကို စိုက်ပျိုးမြေများအပေါ် အတိုင်းအဆမရှိ ထည့်သွင်းပက်ဖျန်းခဲ့မှုများကြောင့် သဘာဝမြေဆီသြဇာများ ယုတ်လျော့နေပြီဖြစ်ကြောင်း၊ ယင်းအခြေအနေများကို အချိန်မီ ကုစားနိုင်ရန် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အလေးထား လမ်းညွှန်လျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများအနေဖြင့် မြေပြင်ကွင်းဆင်း၍ ထိုအကြောင်းအရာနှင့် ပတ်သက်၍ တောင်သူများအား ဦးစားပေးပညာပေး ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုစိန်ခေါ်မှုပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများ ပြုပြင်ရေးအတွက် ပိုက်ဆံလျှော်ပင်များကို အဆွေးခံ၍ သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်ကြောင်း၊ ပိုက်ဆံလျှော်ပင်များ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်ရေးနှင့် မျိုးစေ့များကို တောင်သူများသို့ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မျိုးသန့်ခြံ (မျိုးစေ့ထုတ်ဌာနခွဲ) တာဝန်ခံဒေါ်ဌေးတင်ထံမှ သိရသည်။
ပေါင်းတည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံဌာနခွဲအနေဖြင့် ပိုက်ဆံလျှော်ပင် မျိုးစေ့ထုတ်စိုက်ခင်း ၆ ဧက ကျော် စိုက်ပျိုးထားလျက်ရှိပြီး ယခုအချိန်တွင် သက်တမ်း ၂ လခန့် ရှိနေပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)