မြိတ် ဇန်နဝါရီ ၇
မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်တက္ကသိုလ် ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေး နိုင်ရန်အတွက် ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့ သည်။
ရှေးဦးစွာ ဗိုလ်လုပွဲကို ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ဓာတုဗေဒဌာနအသင်းနှင့် သင်္ချာဌာန အသင်း၊ အမျိုးသားပြိုင်ပွဲတွင် ဓာတုဗေဒဌာန အသင်းနှင့် ရူပဗေဒဌာနအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ဗိုလ်လုပွဲတွင် ပြိုင်ပွဲဝင်အားကစား သမားများက အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသမီးပြိုင်ပွဲတွင် သင်္ချာဌာနအသင်း (၃)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားပြိုင်ပွဲတွင် ဓာတုဗေဒဌာနအသင်းက (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ သည်။
ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတလျှောက် အကောင်းဆုံး စပေးဘောဆု၊ ပင့်ထောင်ဆု၊ ဆယ်မဆု၊ ပိတ်ဆို့ဆု၊ ရိုက်ခုတ်ဆုနှင့် အကောင်းဆုံးအားကစား သမားဆုများကို ဆုတံဆိပ်များကို လည်းကောင်း၊ တတိယ၊ ဒုတိယနှင့် ပထမရရှိကြသော အသင်းများမှ အားကစားသမားများအား လည်ဆွဲဆုများ ကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမရရှိသော အသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးမိုးလွင်က တံခွန်စိုက်ဆုဖလား ပေးအပ် ချီးမြှင့်ပြီး အမျိုးသားပြိုင်ပွဲတွင် ပထမရရှိသော အသင်းအား မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းက တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲကို ဘာသာရပ် ပေါင်းစုံမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၈)သင်းနှင့် အမျိုးသမီးအသင်း (၆)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား (၁၄၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး ပြိုင်ပွဲကို ဇန်နဝါရီ(၁)ရက်မှ (၆)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)