ကရသူရိမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား/ သူများ၏ ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ကရသူရိ ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား/ သူများ၏ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား /သူများ၏ သီဆိုဖျော်ဖြေမှု အစီအစဥ်ဖြင့် ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား/ သူများ၏ ကာယ၊ ဉာဏ စွမ်းရည်များကို မြှင့်တင်သည့်အနေဖြင့် ပညာရေးစုံညီပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နှင့် မူကြို ကျောင်းသား/သူများက အဖွဲ့လိုက်၊ တစ်ဦးချင်းလိုက် သီဆို/ကပြဖျော်ဖြေ တင်ဆက်ကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကာယ ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား/ သူများအား မြို့အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ဉာဏ ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်းသား မိဘများက ဆုများ အသီးသီးချီးမြှင့် ပေးအပ်ပြီး အခမ်းအနားကို ဖျော်ဖြေသီဆိုမှု အစီအစဥ်ဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)