မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေကို ဝံ့ထည်စွာ ချပြလောက်သည့် ဆံရစ်ဝိုင်းအလှတရားများ

မင်းဘူး ဇန်နဝါရီ ၇

မြန်မာတို့သည် ရိုးရာယဉ်ကျေးမှုဟု ခေါ်သော မိမိတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်များကို အစဉ်ထိန်းသိမ်းကြ သည့် လူမျိုးများဖြစ်ကြပြီး၊ တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများကိုသာ တန်ဖိုးထားကာ ဆက်လက် ထိန်းသိမ်းစောင့်ရှောက် လာကြသောသူများ ဖြစ်ပေသည်။

ထိုရိုးရာယဉ်ကျေးမှု နယ်ပယ်များတွင် အနုပညာ၊ အတတ်ပညာ၊ အားကစား၊ ဝတ်စားဆင်ယင်ပုံနှင့် လူနေထိုင်မှု ဓလေ့စရိုက်များ  ပါဝင်ပေသည်။ အနုပညာတွင် ဆို၊ က၊ ရေး၊ တီး ပညာများ၊ အတတ်ပညာတွင် ယွန်းအတတ်ပညာ၊ ရက်ကန်းခတ် ပညာများ၊ အားကစားတွင် လှေပြိုင်ပွဲ၊ မြန်မာ့သိုင်း၊ ရိုးရာလက်ဝှေ့ပွဲများ၊ ရိုးရာခြင်း (ဝိုင်းခြင်း) ခတ်ကစားခြင်းများ၊ ဝတ်စားဆင်ယင်မှုတွင် ယောက်ျားလေးများက တိုက်ပုံ၊ ပုဆိုးနှင့် မိန်းကလေးများက ရင်ဖုံးအင်္ကျီ၊ ထဘီများဖြင့် ရိုးရိုးယဉ်ယဉ် ဝတ်စားကာ လူနေထိုင်မှုစရိုက်တွင် ဆံပင်ပုံစံ၊ ကိုယ်နေဟန် အနေအထားနှင့် ပျူငှာယဉ်ကျေးစွာ ပြောဆိုဆက်ဆံကြခြင်းပင်ဖြစ်သည်။

ထိုရိုးရာယဉ်ကျေးမှုများအထဲတွင် ကျေးလက်တောရွာများရှိ မောင်၊ မယ်လေးများ၏ ဆံရစ်ဝိုင်းထားသည့် ဆံပင်ပုံစံသည် တစ်မျိုးလှ၍ ကျက်သရေရှိကာ နှစ်နိုဖွယ်ရာကောင်းပြီး မြင်သူတကာတို့၏ စိတ်ဘဝင်ကို ကြည်နူးစေသောကြောင့် ကမ္ဘာကပင် လေးစားအားကျ ဂုဏ်ယူလောက်သည့် ပုံစံမျိုးဖြစ်ပေသည်။ ထိုကဲ့သို့ ရှေးခေတ် ယဉ်ကျေးမှုများကို ဖော်ကျူးပြသနေသော ဆံပင်ပုံစံနှင့် လျော်ညီသည့် ဆံရစ်ဝိုင်းအလှကို ပိုင်ဆိုင်ထားသူများမှာ မြန်မာနိုင်ငံတွင် ကျေးရွာနှစ်ရွာသာရှိပြီး မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ စက်စက်ယို ကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှ ရေပုတ်ကြီးကျေးရွာမှ မောင်၊ မယ်လေးများပင်ဖြစ်သည်။

ရှေးခေတ် ယဉ်ကျေးမှုများ ယနေ့ခေတ်အထိ တည်တန့်နေခြင်းသည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများအဖို့ အလွန်တရာ ဂုဏ်ယူဖွယ်ရာ ကောင်းလှ ပါသည်။ ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာ ချပြလောက်သော အလှတရားများဖြစ်ပြီး မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်တာကြောင့် တန်ဖိုးထားပြီး၊ မပျောက်မပျက်၊ မတိမ်ကောရလေအောင် ယနေ့‌ခေတ် မောင်၊ မယ်လေးများက ဆက်လက်ထိန်းသိမ်းကြရ ပေဦးတော့မည်။

ဇေယျာထက်(မင်းဘူး)