တနင်္သာရီ ဇန်နဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ကျောင်းသား/သူများအား ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အ-ထ-က(တနင်္သာရီ)ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့် ဆရာ/မများ၊ အငြိမ်းစားဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသူ/သားများ၏ မိဘများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား(၃၅၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။
ဦးစွာ အထက-တနင်္သာရီကျောင်း Grade-9 မှ ကျောင်းသူ/သားလေးများက “အနာဂတ်လူရည်မွန်”သီချင်းကို ကိုယ်ပိုင်သံစဉ်ဖြင့် တီးမှုတ်သီဆိုကြကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြပြီး တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်နှင့် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် အ-ထ-က(တနင်္သာရီ)မှ ကျောင်းသူ/သားလေးများက တေးသရုပ်ဖော်အကများ၊ ကဗျာလွတ်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
၎င်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့်ပြိုင်ပွဲများနှင့် ကျောင်းတွင်းအဆင့် ပြိုင်ပွဲများဖြစ်သည့် အာဇာနည်နေ့၊ အဂတိလိုက်စားမှုတိုက်ရေးနေ့၊ ကမ္ဘာ့ဆရာများနေ့၊ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့၊ လွတ်လပ်ရေးနေ့ အစရှိသည့် အထိမ်းအမှတ်များတွင် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ဘက်စုံပညာထူးချွန်ဆုရ အတန်းလိုက် ကျောင်းသူ/သားများအား အမှတ်(၂)စစ်နယ်မြေမှူးနှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)