ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြို့ပတ်တာဝေးအပြေးပြိုင်ပွဲ ကျင်းပ

ဘားအံ ဇန်နဝါရီ ၆

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့၊ ပြာသိုလဆန်း(၁)ရက်နေ့တွင်ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှေ့၌ ကျင်းပသည်။

အဆိုပါ မြို့ပတ်တာဝေးအပြေးပြိုင်ပွဲတွင် အမျိုးသား ၁၅၆ ဦး၊ အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၂၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား၍ မြို့ပတ်တာဝေးအပြေးပြိုင်ပွဲအား သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့သည်။

ပြိုင်ပွဲဝင်အားကစားသမားများသည် စတင်တာလွှတ်ရာ သီရိကွင်းရှေ့မှ သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ အဓိပတိလမ်း၊ အ.ထ.က(၄)ကျောင်းလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်းစတင်တာလွှတ်ရာ နေရာသို့ အကွာအဝေး ၇ ဒဿမ ၉ ကီလို (မိုင်အားဖြင့် ၄ မိုင် ၇ ဖာလုံ)ခန့်အား အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး သီရိကွင်းရှေ့၌ ပြန်လည်ပန်းဝင်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ဇနီးများက အမျိုးသမီးမြို့ပတ်တာဝေးအပြေးပြိုင်ပွဲတွင် နှစ်သိမ့်ဆု(၆)မှ(၄၀)ထိရရှိသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားမြို့ပတ်တာဝေးအပြေး ပြိုင်ပွဲတွင် နှစ်သိမ့်ဆု(၆)မှ(၄၀)ထိ ရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက အမျိုးသမီးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိသူများအား ငွေသားဆုနှင့်ဆုဖလားများပေးအပ် ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိသူများကို ငွေသားဆုနှင့် ဆုဖလားများပေးအပ်ပေးအပ်ချီးမြှင့်ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် အသက်အကြီးဆုံး အားကစား သမား(၅)ဦးနှင့် အသက်အငယ်ဆုံးအားကစားသမား(၃)ဦးတို့ကိုလည်း အထူးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဘားအံတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခ၊ ကထိကများ၏ ဘာသာရပ်ဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများမှ(Grade-12)သင်ရိုးသစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပထမဦးဆုံးဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သည့်အခါ လွယ်ကူစေရန်အတွက် လမ်းပြပေးသကဲ့သို့ သင်ကြား‌ပေးသည့်ဆရာ၊ ဆရာမများအတွက်လည်း မေးခွန်းပုံစံ၊ အမှတ်ပေးစည်းမျဉ်းနှင့် သင်ကြားပြသပေးနိုင်ရန် အထောက်အပံ့ဖြစ်စေမည့်ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှရရှိသော ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ စာမေးပွဲဖြေဆိုရာတွင် သတိပြုရမည့်အချက်များကို နည်းလမ်းတကျသင်ကြား ပြသပြင်ဆင်ပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်နားလည်တတ်ကျွမ်းကာ အခက်အခဲမရှိ ဖြေဆိုနိုင်စေရေးအတွက် လေ့လာသင်ယူပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးပို့ချကြမည့် ဆရာ၊ ဆရာမများအတွက် ငွေကျပ် ၅,၁၅၃,၀၀၀(ငါးဆယ်တစ်သိန်းငါးသောင်းသုံးထောင်)ကျပ်ကို ပြည်နယ်ပညာရေးမှူးထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ပညာရေးမှူးဦးစသိန်းကျော်က ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေစကားများ ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)