လက်ပံတန်းမြို့နယ်တွင် ပြည်သူ့ဆေးရုံ (၂)ထပ်တိုးချဲ့ဆောင်သစ် ဖွင့်လှစ်

လက်ပံတန်း ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံ (၂)ထပ်တိုးချဲ့ဆောင် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။       

လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံ(၂)ထပ်တိုးချဲ့ဆောင်သစ်အား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ တိုးချဲ့ဆောင်သစ် ဆောက်လုပ်ထားမှုအား လိုက်လံကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက်ကုသနေကြသောလူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ဆေးဝါးကုသစရိတ်များ ထောက်ပံ့ပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်ဇော်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံ၍ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုမေးမြန်းကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဆေးရုံ(၂)ထပ်တိုးချဲ့ဆောင်သစ်အား ရန်ပုံငွေကျပ်တစ်ရာငါးဆယ်လေးသန်းရှစ်သိန်းတိတိ အကုန်အကျခံကာ CMC Construction Co.Ltd က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ခဲ့ရာ မွေးဖွားခန်း၊ ခွဲစိတ်ခန်းနှင့် ကုသရေးလူနာများအား ထားရှိကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)