ပေါက်ခေါင်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့အ.ထ.က(ပေါက်ခေါင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(ရွှေရတု)ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် အ.ထ.က(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူလေးများက "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး လက်ထောက်ပညာရေးမှူးဦးသန့်ဇင်က အဖွင့်အမှာစကားနှင့် အ.ထ.က(ပေါက်ခေါင်း)ကျောင်းအုပ်ဆရာမကြီး ဦးညွန့်ဝင်းက ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းနှင့် ကောင်းမွန်သောဘဝတစ်ခုကိုတည်ဆောက်နိုင်ရန်အတွက် အဓိကအချက်က သင်ကြားခဲ့သောပညာများကိုအခြေခံ၍ တိုးတက်ကောင်းမွန်အောင်ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှတာဝန်ရှိသူများနှင့်ကျောင်းအုပ်ဆရာကြီးက တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်မြို့နယ်အဆင့်ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်အားကစားထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကိုဆုများချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)