ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သား/ ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နေ့စဉ်ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံက သိရသည်။

ထိုသို့ ဒေသခံပြည်သူလူထု စားသောက်ရေးအဆင်ပြေစေရန်နှင့် သား/ ငါးများ ဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် တစ်ပြေးညီဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေးအပါအဝင် ကုန်းဇောင်းကျေးရွာ၊ ရှောက်တောကျေးရွာ၊ ကျောင်းတော်ရာကျေးရွာနှင့် လယ်ကိုင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာ ဈေး(၄)ခုတွင် ဖွင့်လှစ်ရောင်းချနေသည့် သား /ငါး ဈေးဆိုင်ခန်းများတွင်  ဈေးနှုန်းသတ်မှတ်ချက်များ ပါဝင်သည့် ဗီနိုင်းဆိုင်းဘုတ်များချိတ်၍ စနစ်တကျရောင်းချပေးနေကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဈေးကော်မတီဝင်များနှင့်အတူ ကျေးလက်စည်ပင်သာယာဈေး(၄)ခုတို့အား ကွင်းဆင်းသွားရောက်ပြီး (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သား/ငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ၊ အရိုး/ အသား  အဆီ/ အရွတ်များ ရောနှော၍ ရောင်းချခြင်း ရှိ/ မရှိနှင့် အလေးချိန်ခွင် မှန်ကန်မှု ရှိ/ မရှိ တို့ကို ကြပ်မတ်စစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စည်ပင်သာယာဈေးများအလိုက်(ဝက်၊ အမဲ၊ ဆိတ်)ရောင်းချနေသူများနှင့် ဈေးသူဈေးသားများကို စားသုံးသူပြည်သူလူထု အစားအစာဘေးကင်းလုံခြုံရေးအတွက် ရောင်းချနေသည့် သား/ ငါးများနှင့် ဟင်းသီးဟင်းရွက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး၊ နေ့စဉ်ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေးမပြတ် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး