ဒေးဒရဲမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် နေအိမ်မီးလောင်မှုဖြစ်စဥ်တွင် အချိန်မီပူးပေါင်း၍ မီးငြှိမ်းသတ်နိုင်ခဲ့ကြသည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဌေးဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်မြို့မိမြို့ဖ ဦးအောင်မြင့်ဦးက မီးလောင်မှုဖြစ်စဥ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက ဂုဏ်ပြုအလှူရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဂုဏ်ပြုအလှူရှင်က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ သိန်း (၃၀) ကျပ်အား ပေးအပ်လှူဒါန်းရာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အခမ်းအနားအပြီးတွင် မီသတ်တပ်ဖွဲ့ဝင်များနှင့် တက်ရောက်လာသူများအား အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အေဇာလင်း