ရေကြည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

ရေကြည် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရေကြည်)၊ တေဇာသီရိခန်းမတွင် ယနေ့နံနက် (၈) အချိန်၌ ရေကြည်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က (မြို့မ) ကျောင်းသား၊ ကျောင်းသူများက ကမ္ဘာ့အဆင့်မီ ပညာရည် တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးရေကြည်မြို့နယ် ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးက အဖွင့်အမှာစကားပြောကြားကာ ရေကြည်မြို့နယ်၊ ပညာရေးကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး၊ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က စုံညီပွဲတော်နှင့် ပတ်သက်သည်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနား၌ ရေကြည်မြို့နယ်အတွင်း ပညာရေးတွင်ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားနှင့် အနုပညာတို့တွင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကာ အ.ထ.က (မြို့မ) ကျောင်းသား၊ ကျောင်းသူများ၏ စုံညီပွဲတော် ဒို့နွှဲပျော်တေးသီချင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မိုးစီ (ရေကြည် ပြန်/ဆက်)