ရေနံချောင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကျင်းပ

ရေနံချောင်း ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ရေနံသာစနေကဗျာဝိုင်းမှ ကဗျာဆရာများက စာရေးဆရာ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်ရေးသားသည့် “စာပေလောက”စာအုပ်ကို ဖတ်ရှုခဲ့ကြပြီး အဆိုပါစာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)