မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

မြန်အောင် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်ဖွဲ့စည်းမှု အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေမင်းထွန်းက မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်ဖွဲ့စည်းခြင်းအားဖြင့် စားသုံးသူများထံသို့ စားသုံးဆီအပြည့်အဝဖြန့်ဖြူးနိုင်ရေး၊ စားအုန်းဆီဖြန့်ဖြူးမှု လုပ်ငန်းများစနစ်တကျရှိစေရေးနှင့်ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးမြင့်နိုင်နှင့်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးမြင့်အောင်တို့က မြန်အောင်မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ကျစ်လစ်ခိုင်မာစွာဖွဲ့စည်းရေး လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသော မြို့နယ်အတွင်း စားအုန်းဆီအရောင်းကိုယ်စားလှယ်များ၊ ဆီရောင်းချသူများ၏ဆန္ဒမဲဖြင့် မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့်အဖွဲ့ဝင်များ စုစုပေါင်း (၁၁)ဦး ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)