သရက် ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စမ်းအိုင့်ကျေးရာအုပ်စု၊ သီးကုန်ကျေးရွာ မြစိမ်းရောင်အသားကဏ္ဍရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာန မြို့နယ်မှူးရုံ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ပြောကြားရာမှာ မွေးမြူရေးလုပ်ငန်းအနေဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ ကျေးလက်နေ ပြည်သူများအတွက် တစ်ပိုင်တစ်နိုင်မှသည် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးအဆင့်ထိ ထုတ်လုပ်သွားနိုင်မည့် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးကျေးရွာများကို မွေးမြူရေးလုပ်ငန်းမှ မိသားစုဝင်ငွေ တိုးတက်ရရှိသည့်အပြင် စားနပ်ရိက္ခာဖူလုံ၍ နှစ်စဉ်တစ်ဦးခြင်း အသား၊နို့၊ ဥစားသုံးမှု တိုးတက်လာစေရန်နှင့် ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ်ရရှိပြီး ကျေးရွာလည်ပတ်ရန်ပုံငွေ ထူးထောင်နိုင်ရေးအတွက်နှင့် ရရှိလာသည့် ကျေးရွာလည်ပတ်ရန်ပုံငွေတွင် ကျေးရွာကြီးကြပ်မှုကော်မတီ၏ သဘောတူဆုံဖြတ်ချက်ဖြင့် သတ်မှတ်အတိုးဝင်ငွေ ထည်ဝင်ပြီး တိုးပွားလာသော အတိုးငွေ၏အချို့ကို မွေးမြူရေးကို အခြေခံသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်တို့ဖြစ်သည်ဟု ပြောကြားပေးခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးဒေါက်တာညိုဝင်းက မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာရန်ပုံငွေထူးထောင်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ပြောကြားပေးခဲ့ပြီး ကျေးရွာနေပြည်သူ(၅၀)ဦးအား တစ်ဦးလျှင်(၆)သိန်းနှုန်းဖြင့်ငွေကျပ် သိန်း(၃၀၀)အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်