ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့ ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံ (၂)ထပ်တိုးချဲ့ဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်

ကြို့ပင်ကောက် ဇန်နဝါရီ ၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံ (၂)ထပ်တိုးချဲ့ဆောင် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တက်ရောက်၍ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။       

ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံ (၂) ထပ်တိုးချဲ့ဆောင်သစ်အား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ တိုးချဲ့ဆောင်သစ် ဆောက်လုပ်ထားမှုအား လိုက်လံကြည့်ရှု့စစ်ဆေးကာ ဆေးရုံတက်ရောက်ကုသနေကြသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ဆေးဝါးကုသစရိတ်များ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကြို့ပင်ကောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းထွန်းစိုးနှင့် ကျန်းမာရေးဝန်ထမ်းများအားတွေ့စုံ၍ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မေးမြန်းကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဆေးရုံ (၂) ထပ်တိုးချဲ့ ဆောင်သစ်အားရန်ပုံငွေကျပ် သန်းပေါင်း ၅၃၆ ဒသမ ၅ သန်း အကုန်အကျခံကာ ZML Construction Co.Ltd ကုမ္မဏီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ခဲ့ရာ မွေးဖွားခန်း၊ ခွဲစိတ်ခန်းနှင့် ကုသရေးလူနာများအား ထားရှိကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း