ပုသိမ် ဇန်နဝါရီ ၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ(ပုသိမ်ဇုန်) အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ကြီးတွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့အား တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများက နွေးထွေးစွာကြိုဆိုကြခြင်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြပြီး ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူကြရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ တွေးတောကြံဆခြင်း အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးရာ နေရာဖြစ်ပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိမိတို့ဝါသနာပါသည့် အားကစား၊ စာပေ၊ ဂီတ၊ အနုပညာဆိုင်ရာများကိုလည်း စနစ်တကျလေ့လာသင်ယူခွင့်ရကြမှာဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်အား တက္ကသိုလ်အင်္ဂါရပများနှင့်အညီဖြစ်စေရေး အဆောက်အဦသစ်များတိုးချဲ့ဆောက်လုပ်ပေးခြင်း၊ လမ်းများတို့ချဲ့ဆောင်ရွက်ပေးခြင်း၊ အားကစားနှင့်သက်ဆိုင်သည့် အဆောက်အဦများနှင့် အားကစားပစ္စည်းများဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားကဏ္ဍအနေဖြင့် ပုသိမ်၊ ဟင်္သာတ၊ မအူပင် တက္ကသိုလ်တို့စုပေါင်း၍ ပုသိမ်ဇုန်အဖြစ် အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်ထက်အောင်မြင်မှုများရရှိလာမည်ဟု မိမိအနေဖြင့်ယုံကြည်ပါကြောင်း၊ မောင်မယ်သစ်လွင်တို့အနေဖြင့် အဆင့်မြင့်ပညာများကိုလေ့လာဆည်းပူးပြီး သုတေသနပြုမှု၊ တီထွင်ဖန်တီးမှုတွေကိုတိုးတက်အောင်မြင်အောင်ကြိုးစားရင်းဖြင့် ဒေသနှင့်နိုင်ငံအကျိုး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဖော်ဆောင်ပေးနိုင်သူများဖြစ်ပါစေကြောင်းနှင့် အားကစားကဏ္ဍတွင်လည်း ပုသိမ်ဇုန်ဂုဏ်ဆောင်နိုင်သည့် အားကစားသမားလည်း ဖြစ်ကြပါစေကြောင်း” မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ပြိုင်ပွဲဝင် အားကစားသမားများအား အမှာစကားများပြောကြားသည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်ဇုန်အသင်းဖွဲ့စည်းထားရှိမှုနှင့် ပြိုင်ပွဲဝင်ရောက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ပုသိမ်တက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်မောင်မယ်သစ်လွင်(၄၀၉)ဦး တက်ရောက်ပညာလေ့လာဆည်းပူးလျက်ရှိပြီး ပုသိမ်ဇုန်အနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ် အားကစားနည်း(၅)ခုတွင်အားကစားနည်းအလိုက် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားစုစုပေါင်း(၇၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)