ထားဝယ် အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ(၃/၂၀၂၀) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြည်သူလူထုများနေ့စဉ် စားသုံးနေသော အခြေခံစားသောက်ကုန်များအန္တရာယ်ကင်းရန် အဓိကဖြစ်သလို ကိုဗစ်-၁၉ရောဂါ ဖြစ်နေချိန်တွင် တရားမဝင်ကာကွယ်ဆေးထိုးပြီး ရောင်းချနေကြတာကိုလည်း စစ်ဆေးပြီး တားမြစ်ရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးကုစားမှုများအပေါ် ကုစားရေးနှင့်ပတ်သက်ပြီး ကာလတို စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်နေပါကြောင်း၊ ပြည်သူများ၏ကျန်းမာရေးကို စောင့်ရှောက်နိုင်မှ စီးပွားရေးလည်းကောင်းမွန်မှာဖြစ်သည့်အတွက် ကော်မတီများအနေဖြင့် အစားအသောက် လုပ်ငန်း၊ စက်ရုံ ၊ စားသောက်ဆိုင်၊ ဆေးဆိုင်၊အလှကုန်၊ လူသုံးကုန်ပစ္စည်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို စည်းမျဉ်း၊ စည်းကမ်းအတိုင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာဖွင့်လှစ်ရောင်းချရန် အထူးကြပ်မတ်ကွပ်ကဲရမှာ ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အေးခဲသားများ၊ ကိုဗစ်-၁၉ရောဂါပျောက်ဆေး၊ ကာကွယ်ဆေးဆိုပြီး တရားမဝင်တင်သွင်း၊ ထုတ်လုပ်၊ဖြန်ဖြူးနေသည်ကို အချိန်နှင့်တပြေးညီ ထိရောက်စွာတားဆီးရမှာဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအတွင်းရေးမှူး ဒေါ်မေသန်းနိုင်က အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ ဆေးပစ္စည်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ ဥက္က ဒေါက်တာထွန်းမင်းနှင့် ကော်မတီဝင်များက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် အခြေအနေများအားရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)