ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရွှေတောင် ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်အတွင်း ၂၀၂၃- ၂၀၂၄ခုနှစ်၊ နွေစပါးစိုက်ပျိုးရန်လျာထားဧက ( ၁၉၂၇) ဧကအပေါ် လျာထားချက်ထက် ပြည့်မီကျော်လွန်ပြီး သက်တမ်းတိုအထွက်ကောင်းမျိုးများ စနစ်တကျစိုက်ပျိုးစေရေးအတွက် ကြာနီကန်ရပ်ကွက်၊ ဆန်တဆုပ် ဘုရားဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက  နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများမှ ကြို့ကုန်းကျေးရွာအုပ်စုအတွင်းရှိ  နတ်မှော်လျှပ်စစ်မြစ်ရေတင်ဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူ (၇၈)ဦး၊ နွေစပါးစိုက်ဧက (၄၃၈) ဧက၊ မင်းကွန်းကျေးရွာအုပ်စုရှိတောင်သူ (၁၁၃)ဦး၊ နွေစပါးစိုက်ဧက(၅၀၉.၆၉) ဧကနှင့် ကြာနီကန်ရပ်ကွက်ရှိတောင်သူ (၂၁)ဦး၊ နွေစပါးစိုက်ဧက(၈၀) ဧက စုစုပေါင်း တောင်သူ (၂၁၂) ဦးတို့နှင့် တွေ့ဆုံ၍ လျှပ်စစ်မြစ်ရေတင်ဖြင့် ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလ (၁၅)  ရက်နေ့မှစတင်ပြီး ရေပေးဝေမည်ဖြစ်ကြောင်း၊ သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ချစနစ်ဖြင့်သာ စိုက်ပျိုးမှုများဆောင်ရွက်ရန်၊ ကြဲခင်းများ လုံးဝ (လုံးဝ) စိုက်ပျိုးခြင်း မပြုရန်တို့အား အသေးစိတ်ဆွေးနွေးခဲ့ရာ တက်ရောက်လာသော တောင်သူများမှ မျိုးလိုအပ်ချက်နှင့် သွင်းအားစုလိုအပ်ချက်များအပေါ် ဆွေးနွေးတင်ပြကြရာ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ဆက်လက်၍ နွေစပါးစိုက်ပျိုးမည့် ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ တောင်သူများနှင့်တွေ့ဆုံပြီး သက်တမ်းတိုအထွက်ကောင်းမျိုးများ စနစ်တကျစိုက်ပျိုးစေရေး စဥ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)