မြောင်းမြ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ကျုံဝါးစိုက်ပျိုးပညာပေးရေးစင်တာ၌ ရုံးချုပ်နေကြာ စိုက်ပျိုးရေးပညာရှင်များက နည်းပညာဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နည်းပညာဆွေးနွေးပွဲမှာ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာဧက ပြည့်မီရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ရုံးချုပ်နေကြာ စိုက်ပျိုးရေးပညာရှင် (၅) ဦးတို့က မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင် စိုက်ပျိုးရေးဝန်ထမ်း (၅၂) ဦး နှင့် တောင်သူ (၄၀) ဦး၊ စုစုပေါင်း (၉၂) ဦးတို့ကို အရည်အသွေးကောင်း နေကြာမျိုးသန့်ထုတ်လုပ်ခြင်း၊ သင့်တော်သည့် မြေအမျိုးအစားနှင့် မြေဩဇာအသုံးပြုမှုနှုန်းထားများ၊ နေကြာသီးနှံ၌ ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများ၊ ပန်းတိုင်အထွက်နှုန်းရရှိစေရန် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံအကန့်လိုက်စိုက်ပျိုးနည်းစနစ် (Strip Cropping) နှင့် သီးနှံပုံစံများ အကြောင်းတို့ကို ပညာပေးဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
ထို့နောက် မြောင်းမြမြို့နယ်၊ ကန်ကြီးကျေးရွာ တောင်သူ ဦးမိုးဝင်း၏ နေကြာစိုက်ခင်းနှင့် ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာ တောင်သူ ဦးဝင်းဗိုလ်၏ နေကြာစိုက်ခင်းများသို့ သွားရောက်၍ လက်တွေ့ကွင်းဆင်းလေ့လာ၍ ဆွေးနွေးပညာပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်( မြောင်းမြ)