မင်းဘူး အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အဝင်အထွက်ကန့်သတ် ထားသော ကုန်းသာကျေးရွာမှ အိမ်ထောင်စုများအတွက် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ အောင်လံ ဆီစက်နှင့် ကုန်စုံဆိုင် မိသားစုမှ အခြေခံစားသောက်ကုန်များကို (အောက်တိုဘာ ၂၇ ရက်) ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါကျေးရွာ၌ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကုန်းသာကျေးရွာကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၂၀ ရက်နေ့က အဝင် အထွက် ကန့်သတ်သည့် ကျေးရွာအဖြစ် ထုတ်ပြန်ကြေညာထားသဖြင့် ကျေးရွာနေ ပြည်သူများ စားဝတ်နေရေး အခက်အခဲရှိတာကြောင့် ယခုလိုလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အောင်လံဆီစက်နှင့် ကုန်စုံဆိုင်မိသားစုမှ အလှူရှင် ဦးဆီချိုက “ကုန်းသာကျေးရွာက ပြည်သူတွေ အဝင်အထွက် ကန့်သတ်ထားတဲ့အတွက် အပြင်ထွက်လို့မရတာ ကြောင့် စားရေးသောက်ရေး အခက်အခဲမရှိစေဖို့ တဖက်တလမ်း တထောင့်တနေရာကနေပြီးတော့ တတ်နိုင်တာလေးနဲ့ ဖြည့်စည်းပေးချင်တာကြောင့် အိမ်ခြေ ၆၀၇ အိမ်အတွက် တစ်အိမ်ကို ဆန် ၁ ပြည်၊ ဆီ ၃၀ ကျပ်သားနဲ့ ရတနာသုတ်ပရိတ်တရားတော် စာအုပ်တစ်အုပ်နှုန်း လှူဒါန်းပေးရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ကုန်းသာကျေးရွာတွင် အိမ်ခြေ ၆၀၇ အိမ်၊ လူဦးရေအားဖြင့် ၂၃၀၀ ကျော်ရှိကြောင်း၊ တစ်အိမ်ကို ဆန် ၁ ပြည်၊ ဆီ ၃၀ ကျပ်သားနှင့် ရတနာသုတ်ပရိတ်တရားတော်စာအုပ် တစ်အုပ် နှုန်းဖြင့် အလှူရှင် ဦးဆီချို မိသားစုအပါအဝင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့် ပရဟိတ အဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖ များထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)