ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီကစတင်၍ အဆိုပါကျောင်းရှိ ရွှေဝါထွန်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်ဒေါက်တာထွန်းမြတ်အောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သို့ ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူမောင်မယ်သစ်လွင်များအားကြိုဆို နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဘာသာရပ်ဆိုင်ရာမိတ်ဆက်ကို သက်ဆိုင်ရာသင်ကြားရေးဌာနမှူးများက ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းရေးရာဌာနမှူးက ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် ကျောင်းစည်းကမ်းများနှင့် စာမေးပွဲဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာထွန်းမြတ်အောင်နှင့် သင်ကြားရေးဌာနမှူးများ၊ သင်တန်းမှူးများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းနှစ်အလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုများကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် (၇၆)နှစ်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခဲ့သော အားကစားပြိုင်ပွဲများ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲတို့၌ ဆုရရှိသူများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆုရရှိသူများအားလည်းကောင်း ဆရာ၊ ဆရာမများအား စွမ်းဆောင်ရည်ဆိုင်ရာဂုဏ်ပြုဆုများကိုလည်းကောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။  ဆက်လက်၍ စီနီယာကျောင်းသား(၁)ဦးက ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်စကားပြောကြား၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် King နှင့် Queen ရွေးချယ်ပြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာထွန်းမြတ်အောင်က Crown နှင့် စလွယ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီး၊ အမှုတ်များဖြင့် ပျော်ရွှင်စွာကပြသီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)