မကွေး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆက်လက်၍ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားကြောကြားရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆေးရုံများတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လွှဲပြောင်းပေးခြင်း၊ စုပေါင်းလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျန်းမာရေးဟောပြောခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာလမှစ၍ အငြိမ်းစားဝန်ထမ်း(၈၉၃၈)ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ခဲ့ရာ သွေးချို/ဆီးချိုရောဂါနှင့်ပတ်သက်၍ ၁၂၀၅ ဦးအား ကုသမှုပေးခြင်းနှင့် ၄ ဦးအား ညွှန်းပို့ပေးနိုင်ခဲ့ခြင်းကိုလည်းကောင်း၊ သွေးတိုးရောဂါနှင့်ပတ်သက်၍ ၂၃၈၂ ဦးအား ကုသမှုပေးခြင်းနှင့် ၁၁ ဦးအား ညွှန်းပို့ပေးနိုင်ခဲ့ခြင်းကိုလည်းကောင်း၊ နှလုံးရောဂါနှင့်ပတ်သက်၍ ၄၆၆ ဦးအား ကုသမှုပေးခြင်းနှင့် ၅ ဦးအား ညွှန်းပို့ပေးနိုင်ခဲ့ခြင်းကိုလည်းကောင်း ဆောင်ရွက်နိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၅၂၆၈၄ ဦးအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ယခုလို မကွေးမြို့ပေါ်ရပ်ကွက်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၂၄၀၀ ဦးအား ဆန်၊ ဆီ၊ ကုလားပဲတို့ကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကိုလည်း တာဝန်ရှိသူများက ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းပင်စင်စားတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၃၀ ကျပ်သား၊ ကုလားပဲ ၃၀ ကျပ်သား ထောက်ပံ့ပေးအပ်ရာ နိုင်ငံ့ဝန်ထမ်းပင်စင်စာများကိုယ်စား ပင်စင်စားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)