ပန်းတောင်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူ့ဆေးရုံကြီး(၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်က အဆိုပါ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးနှင့်တကွ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြတ်ဝဏ္ဏစိုးတို့မှ ပြည်သူ့ဆေးရုံကြီး (၂)ထပ်ကုသဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟမှ အထူးဧည့်သည်တော်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးနှင့်တကွ ဌာနဆိုင်ရာများမှ ပြည်သူ့ဆေးရုံ(၂)ထပ်ကုသဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဤဆေးရုံကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်စေရန် ကြိုးစားသွားရမည်ဖြစ်ပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများကို တာဝန်ကျေပွန်စွာဆောင်ရွက်ပေးကြရန်၊ လူနာများကို နွေးထွေးပျူငှာစွာဆက်ဆံပြီး ပြည်သူများ အားကိုးယုံကြည်ရသည့် ဆေးရုံများဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုပါကြောင်း ပြောကြားခဲ့သည်။
လပြည့်လင်း(ပြန်/ဆက်)