မကွေး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြသလွန်စေတီတော်ကြီး၌ ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ကြည့်ရှုအားပေးသည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှတပ်မတော်သားများ၊ အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အဆင့်မြင့်နှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုကူညီရေး အဖွဲ့အစည်းများစုပေါင်း၍ မကွေးမြသလွန်စေတီတော်ကြီးသွားရာ အတက်၊ အဆင်း လမ်းဘေးဝဲယာတစ်လျှောက်ရှိ မြက်၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ကိုင်း၊ သစ်ပင်များ ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းများကို ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်ရေးဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စုစုပေါင်းအင်အား(၃၀၀၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အသီးသီးရှိ ဘုရားစေတီပုထိုးများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံများ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများကျန်းမာရေးဆိုင်ရာ အထောက်အကူဖြစ်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်(စနေနေ့တိုင်း) တိုင်းလုံးကျွတ်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
အောင်ကို(ပြန်/ဆက်)