လက်ပံတန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း ဇန်န၀ါရီ ၆

နိုင်ငံ၏ အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် လူငယ်များစာရိတ္တကောင်းမွန်ပြီး အရည်အချင်းပြည့်ဝစေရန်၊ ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေရန် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(၁)လက်ပံတန်းကျောင်းနှင့် အ.မ.က (ဗောဓိကလေး) ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာဖတ်ခြင်းကိုမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများကိုဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်မှ လူကုန်ကူးခြင်းနှင့် မူးယစ်ဆေး၀ါးအန္တရာယ်အသိပညာပေး အကြောင်းအရာများကို ဟောပြောဆောင်ရွက်ခဲ့သည်။

ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းမှ စက္ကူပြဇာတ်နှင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)