မုံရွာ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တပညာဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့/ ည အသံမစဲဥပ္ပါတသန္တိ ပါဠိတော်ရွတ်ဖတ်ပူဇော်မည့် ဘာဏကဆရာတော်များအတွက် ဆွမ်းစရိတ်ဝတ္ထုအလှူငွေ (၁၈၆၀၀၀၀)ကျပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဘဒ္ဒန္တဇဋိလအရှင်သူမြတ်က ဗုဒ္ဓရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာရွတ်ဖတ်ပူဇော်ခြင်း၊ ဘဒ္ဒန္တနန္ဒက အရှင်သူမြတ်က နတ်ဗြဟ္မာများအား ပင့်ဖိတ်ကြားခြင်းတို့အား နာယူကြည်ညိုခဲ့ကြပြီး တာဝန်ရှိသူတို့က ဆရာတော်ကြီးထံသို့ ပရိတ်ရေ၊ပရိတ်ပန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်အား နာယူကြည်ညိုပြီး ဆရာတော်၊ သံဃာတော်များထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တပညာဝံသ အရှင်သူမြတ်ထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် အလှည့်ကျ ဘာဏကသံဃာတော်အရှင်သူမြတ်များက နေ့/ ည အသံမစဲဥပ္ပါတသန္တိ ပါဠိတော်ကို စတင်ရွတ်ဖတ်ခဲ့ကာ အဆိုပါ နေ့/ ည အသံမစဲဥပ္ပါတသန္တိ ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ လ ၅ ရက်နေ့မှ (၁၁) ရက်နေ့အထိ တစ်ပတ်ကြာ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)