သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်း သာပေါင်းမြို့နယ်၌ ဖွင့်လှစ်ပို့ချ

သာပေါင်း ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သံဃနာယကနှင့်ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ ကျင်းပကြသည်။

သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တဝိဇယဆရာတော်၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဘဒ္ဒန္တပညာဇောတကသြဝါဒမြွက်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး “ဗုဒ္ဓသာသနံစိရံသိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုအခမ်းအနား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်မှ (၁၁)ရက်၊ ခရစ်သက္ကရာဇ်-၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ(၅/၆/၇)ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၃ နာရီ ၅၀ မိနစ်အထိ သံဃာ(၁၄၃)ပါးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)