မြောင်းမြ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နံနက်က ခရိုင်မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် သူနာပြုသင်တန်းကျောင်းများသို့ သုတ/ ရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု ၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ ရသစာအုပ်စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြ (ပြန်ဆက်)