ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲတွင် အသုံးပြုမည့်မဲရုံသုံးပစ္စည်းများကို ထုတ်ပေး

ပုလဲ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင်    အသုံးပြုမည့်   မဲရုံသုံးပစ္စည်းများကို  ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အောက်တိုဘာ ၂၇ရက်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပုလဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းကြည်က “ ပုလဲမြို့၊ပုလဲရတနာခန်းမမှာ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ   ဥက္ကဋ္ဌနှင့်  အတွင်းရေးမှူးများအား   ကြိုတင် ဆန္ဒမဲပုံးများမှာ လုံခြုံရေးကြိုးနဲ့ ချိတ်ပိတ်တပ်ဆင်ခြင်းလုပ်ငန်း၊ ကြိုတင်ဆန္ဒမဲပုံး ထိန်းသိမ်း စောင့်ရှောက်ခြင်းလုပ်ငန်းများ၊ကြိုတင်ဆန္ဒမဲများနှင့်ပတ်သက်၍ ဆောင်ရွက်မယ့်လုပ်ငန်းစဉ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများနှင့်အတူရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပွဲပြီး တဲ့အခါမှာတော့ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ၂၀၂၀ပြည့်နှစ်၊ အ‌ထွေထွေရွေးကောက်ပွဲမှာ  အသုံးပြုမယ့်  ကြိုတင်ဆန္ဒမဲပုံးများ၊   လုံခြုံရေးကြိုးများ၊  ဆန္ဒပြုခန်းများ၊  လွှတ်တော် ( ၃ ) ရပ်အတွက်   ကြိုတင် ဆန္ဒမဲလက်မှတ်ထည့်သွင်းမယ့် အိတ်များ၊ မဲဆန္ဒရှင်စာရင်း ( ၃ ) စုံ၊  ဆန္ဒပြုတံဆိပ်တုံးများ၊ ကြိုတင်ဆန္ဒမဲပေးသူများစာရင်း( ပုံစံ-၁၃ )များ၊လက်ဗွေနှိပ်မယ့် မှင်ခုံ (Inkpad)များ၊ ဘောပင်များ၊ ပေတံများ၊ အသက်( ၆၀ )နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်း(၁)စုံ၊ ကြိုတင်ဆန္ဒမဲပုံးအတွက် လုံခြုံရေးကြိုးနံပါတ်စာရင်း( နောက်ဆက်တွဲပုံစံ-င )များကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ခင်ခင်ဆွေနှင့်အဖွဲ့ဝင်များက ထုတ်ပေးခဲ့ပါတယ် ”ဟု ပြောကြားခဲ့သည်။

ပုလဲမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်၊ကျေးရွာအုပ်စု(၅၉)အုပ်စုရှိပြီး ၂၀၂၀ပြည့်နှစ်၊   နိုဝင်ဘာလ ၈ ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်    အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ ၁၆၁ရုံ သတ်မှတ်ထားရှိပြီး မဲဆန္ဒရှင်ပေါင်း ၁၂၆၀၀၀ကျော် ရှိကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)