တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၅    

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားများကို ကချင်ပြည်နယ်ရှိ မိုးညှင်းမြို့၊ ဒေါ့ဖုန်းယန်မြို့၊ ရွှေကူမြို့၊ ပူတာအိုမြို့၊ ချီဖွေမြို့၊ တနိုင်းမြို့၊ နောင်မွန်းမြို့၊ မချမ်းဘောမြို့၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ တို့တွင်လည်းကောင်း၊ ချင်းပြည်နယ်ရှိ တီးတိန်မြို့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုမြို့၊ ကလေးဝမြို့၊ ခင်ဦးမြို့၊ ချောင်းဦးမြို့၊ ကလေးမြို့၊ ဖောင်းပြင်မြို့၊ အရာတော်မြို့နှင့် မော်လိုက်မြို့တို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြန်အောင်မြို့၊ မအူပင်မြို့၊ ပန်းတနော်မြို့၊ ဝါးခယ်မမြို့နှင့် သာပေါင်းမြို့တို့တွင်လည်းကောင်း အသီးသီးကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားများတွင် ရှေးဦစွာ နိုင်ငံတော်အလံအား လွှင့်တင်ပြီး တက်‌ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖတ်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။