၂၀၂၄ ခုနှစ်၊ နှစ်သစ်ဦးကာလတွင် ချောင်းသာကမ်းခြေ၌ လာရောက်အပမ်းဖြေ လည်ပတ်သူများဖြင့် စည်ကား

ချောင်းသာ ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေသို့ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ဦးကာလမှစတင်၍ ပြည်တွင်း၊ ပြည်ပအနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ချောင်းသာကမ်းခြေ၌ အပမ်းဖြေကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့သည် ပူအိုက်စိုစွတ်သောရာသီဉတုရှိပြီး အမြင့်ဆုံးအပူချိန်(၃၇.၇ံC)နှင့် အနိမ့်ဆုံး အပူချိန်(၁၇.၈ံC)ရှိ၍ ပင်လယ်ရေမျက်နှာပြင်အမြင့်(၇)ပေရှိပြီး ချောင်းသာကမ်းခြေမှာ ကမ်းခြေရှည်လျား ကျယ်ပြန့်ပြီး သဲသောင်ပြင်ညီညာပြန့်ပြူးမှု၊ ပင်လယ်ရေကြည်လင်မှုနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်မှုတို့ကြောင့် ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ် ဝင်ရောက်ကြောင်း သိရသည်။

“ဒီနေ့က လွတ်လပ်ရေးနေ့ဆိုတော့ ရုံးတွေ၊ အလုပ်ရုံတွေ ပိတ်တာလည်းပါတယ်၊ အရင်‌နေ့ထက် ပိုပြီးစည်ကားတယ်၊ New Year ရက်ကစပြီး စျေးရောင်းချရတာ ပိုကောင်းတယ်ပြောရမှာပါ၊ ပြန်တဲ့ဧည့်သည်ကပြန် ဝင်လာကြတဲ့ဧည့်သည်က ဝင်လာကြတော့ ဒီရက်ထဲမှာ ကမ်းခြေတစ်လျှောက် အပမ်းဖြေလည်ပတ်သူတွေနဲ့ စည်ကားများလျက်ရှိကြောင်း ကမ်းခြေတွင် စျေးရောင်းချခြင်းလုပ်ကိုင်သူ ဦးဆန်းမင်းက ပြောသည်။

ချောင်းသာမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေတွင် အပမ်းဖြေအနားယူခြင်းများအပြင် ဒေသထွက် အမှတ်တရပစ္စည်းအ‌‌ရောင်းဆိုင်များရှိ ပင်လယ်ထွက်ပစ္စည်းများဖြင့် အလှဆင်ပြုလုပ်ထားသည့် ပစ္စည်းများ၊ အုန်းအခြေခံလက်မှုပစ္စည်းများနှင့် ဒေသထွက်အစားအစာများတို့ကို လေ့လာကြည့်ရှုဝယ်ယူကြခြင်း၊ ချောင်းသာကမ်းခြေအနီးရှိ ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့ရှိ ရွှေသောင်ယံကမ်းခြေ၊ ကျောက်မောင်နှစ်မနှင့် Sea @Lake Garden သို့ကား၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း သွားရောက်လည်ပတ်မှုများလည်းရှိကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ရယူ၍ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ဟိုတယ်နှင့် တည်းခိုရိပ်သာ(၄၀)လုံးရှိပြီး လုံးရှိပြီး ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်တည်းခိုမှု(၃၄၆၅၅၆)ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်တည်းခိုမှု(၄၁၃၃၈၉)ဦး ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ချောင်းသာရုံးခွဲ)တာဝန်ရှိသူထံမှ သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)