ဝါးခယ်မမြို့နယ် ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဝါးခယ်မ ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ဘုရားကြီး၏ သံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားကြီးဂေါပကအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် ရေစက်ချအခမ်းအနား၊ တရားပွဲများ၊ ပွဲလမ်းသဘင်များ၊ နိဗ္ဗာန်ဈေးနှင့် စတုဒီသာကျွေးမွေးရေးလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ဆပ်ကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခြင်း၊ ဘက်စုံကော်မတီဥက္ကဋ္ဌ ဦးသန်းရှိန်မှ လုပ်ငန်းစီမံချက်နှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသောလုပ်ငန်းခွဲကော်မတီဝင်များမှ ဆောင်ရွက်မည့်လုပ်ငန်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)