ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း‌ကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဘိုကလေး ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဇန်နဝါရီ(၄)ရက်လွတ်လပ်ရေးနေ့ ညနေ(၆)နာရီအချိန်၌ လွပ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘိုကလေး)၏ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ သူများတက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေး၏ အမွေအနှစ်အား လက်ဆင့်ကမ်းထိန်းသိမ်းကြရန်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသားများအဖြစ် ကြိုးစားအားထုတ်၍ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းကြရန် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက သင်တန်းကျောင်း၏ လွတ်လပ်ရေးနေ့ပြိုင်ပွဲများအတွက် လှူဒါန်းငွေများပေးအပ်ရာ သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးနိုင်းလိန်းဟုန်းက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းကျောင်း၏ ကျောင်းသား/သူများက တပ်စုအလိုက် ကာယဗလမောင်ပြိုင်ပွဲ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲ၊ Model Show ပြိုင်ပွဲများကျင်းပခြင်း၊ ဆုရရှိသည့် တပ်စုများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်း၊ ကျောင်းသား/သူများက ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)