အင်းတော် အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာသင်တန်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့အထိ အင်းတော် မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ် ပို့ချလျက် ရှိကြောင်း သိရသည်။
အင်းတော်မြို့နယ် အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း ( ၈၄ ) ရုံ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သင်ကြားပေး သွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းတွင် မဲရုံများ ဖွင့်လှစ်ခြင်း နှင့် ဘေးကင်းလုံခြုံသော မဲပေးခြင်းဆိုင်ရာ အကြံပြုချက်များ၊ ဆန္ဒမဲပေးခြင်းအဆင့်ဆင့်နှင့် မဲရုံအဖွဲ့ဝင်များ၏ အခန်း ကဏ္ဍ၊ ခက်ခဲသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနည်း၊ မဲပေးခြင်း၊ မဲရေ တွက်ခြင်းနှင့် ပုံစံများ ဖြည့်သွင်းခြင်း အကြောင်းအရာများကို သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း၊ (၂၆- ၁၀-၂၀၂၀) ရက်နေ့တွင် အင်းတော် ဒေသ အတွင်းရှိ မြို့ပေါ်လေးရပ်ကွက်၊ နတ်မဟုတ်၊ ဆည်ရွာ၊ လယ်ပြင်၊ နဘား၊ ဆိပ်သာ၊ ကျန်တော၊ လယ်နောင်၊ မန်ကျည်းပင် အုပ်စု၊ (၂၇-၁၀-၂၀၂၀) ရက်နေ့တွင် မော်တိတ်ဒေသမှ မော်တိတ်၊ နန့်သာ၊ မံထုံ၊ အလယ်ကျွန်း၊ တာပေါ၊ နန့်ခင့်၊ သက္ကယ်ကျင်း၊ တံခွန်တိုင်၊ မန်လည်၊ ဂျုံးဂျုံးဂျ၊ ညောင်ကုန်းအုပ်စု၊ (၂၈-၁၀-၂၀၂၀) ရက်နေ့တွင် မော်လူးမြို့ပေါ် (၆) ရပ်ကွက်၊ ပဲခူး၊ နားခွင်းကျင်၊ စီးမော်၊ နမီး၊ ကုန်းခါး၊ မံဟဲ၊ ဟောင်းတုံးအုပ်စု၊ (၂၉-၁၀-၂၀၂၀ ) ရက်နေ့တွင် မဲဇာ၊ အုပ်သျှစ်ကုန်း၊ ခရမ်းစပ်ကုန်း၊ နတ်ရေတွင်း၊ အလယ်ဆိပ်၊ ကျောင်းကုန်း၊ လက်ပံတန်း သောင်မြင်း၊ မအူကုန်း၊ ပုန်းဟုန်၊ သူရောင်း၊ ဂွေ့ကြီး၊ ပင်ဝယ်အုပ်စု များရှိ မဲရုံများမှ မဲရုံမှူး၊ ဒုမဲရုံမှူးများကို သင်တန်းဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ခန်း စာများအပြင် မဲရုံသရုပ်ပြခြင်း လုပ်ငန်းများကိုလည်း လက်တွေ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အင်းတော် မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဘုန်းမြင့် က ပြောပြ ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ( ၂၆ ) ရက်နေ့ နံနက် (၉) နာရီ အချိန်က ကျင်းပခဲ့ပြီး၊ အခမ်းအနားတွင် ကသာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်ဆန်းဝင်းမှ အဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အင်းတော်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်လှိုင် က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ ဆောင်ရွက်မှု လုပ်ငန်းအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဘုန်းမြင့်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲမတိုင်မီ လုပ်ဆောင် ရမည့် လုပ်ငန်းများ၊ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အနေဖြင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ကသာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မဲရုံမှူး၊ ဒုမဲရုံမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခန့်ဇော်ပိုင်(အင်းတော် ပြန်/ဆက်)