ဖောင်းပြင်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယာဉ်ရပ်နားစခန်းဖွင့်လှစ်

ဖောင်းပြင် ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ပုဂ္ဂလိကမော်တော်ကားများ စနစ်တကျပြေးဆွဲနိုင်ရေးအတွက် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ထောက်ပံ့ငွေနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းမှုဖြင့် ၁-၆-၂၀၂၁ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယာဉ်ရပ်နားစခန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိ ဦးအာင်ကိုလွင်က ယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ အတွင်းရေးမှူး ဦးမင်းထွဋ်က ကျေးဇူးတင် စကားပြောကြားကာ ယာဉ်ရပ်နားစခန်းကို တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယာဉ်ရပ်နားစခန်းပရဝုဏ်အတွင်း မြေနေရာပြုပြင်ခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ ရေစင်များတည် ဆောက်ခြင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ဆိုင်ခန်းပေါင်း (၅၅)ခန်းတည်ဆောက်ခြင်းကို ငွေကျပ် ၈၈၀ ဒသမ ၃၄၄ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဆိုင်ခန်းများမှာ အကျယ် ၁၂ ပေ၊ ၂၀ ပေနှင့် အမြင့် ၁၈ပေ တစ်ထပ်ခွဲ RC အမျိုးအစားဖြစ်ကြောင်း၊ ယခုအခါ ပုဂ္ဂလိကကားအသင်းများနှင့် ဆိုင်ခန်းအသုံးပြုမည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အဆင်ပြေစွာအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)