တနင်္သာရီ၌ နယ်မြေ(၇)ချောင်းကြီးဘုန်းကြီးကျောင်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်ဆရာ၊ ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာတစ်ရက်တာသင်တန်းဆွေးနွေးပို့ချ

တနင်္သာရီ၊ အောက်တိုဘာ ၂၇

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက် ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စုနှင့် ရပ်ကွက်နှစ်ရပ်ကွက် အတွင်းရှိ မဲရုံ(၁၁)ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ယူကြမည့် ပညာရေးဌာန ဆရာ၊ ဆရာမများအား နယ်မြေ(၇)ချောင်းကြီးရပ်ကွက်ဘုန်းတော်ကြီးကျောင်း ဓမ္မဗိမာန်အတွင်း၌ ယနေ့နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကလည်းကောင်း၊ ဆန္ဒမဲပေးစဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်များအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းကလည်းကောင်း တစ်ရက်တာသင်တန်း ဆွေးနွေးပို့ချပေးကြောင်း သိရှိရသည်။

မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များသင်တန်းပို့ချရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန် ချက်နှင့်အညီ လူစုလူဝေးမဖြစ်စေရန် နယ်မြေ(၇)နေရာခွဲ၍ မြို့နယ်ပညာရေးမှူးရုံးမှခန့်အပ်ရန် ရွေးချယ်ထားသော ပညာရေးဝန်ထမ်း မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်တစ်ဦးစီနှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်တစ်ဦးစီအား မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးအောင်၊ အဖွဲ့ဝင်(၁)ဦးခင်စိုးတို့က ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်း ဥပဒေများနှင့်မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဆန္ဒမဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှု၊ ရလဒ်တွက်ချက်မှုနှင့် ထုပ်ပိုးပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များကို မြို့နယ် ဆရာဝန်ကြီးက ဆွေးနွေးပို့ချပေးခဲ့ကြောင်း၊ ၎င်းနယ်မြေ(၇)၌ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက်အတွင်းရှိ မဲရုံ(၁၁)ရုံမှာ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့် ဆရာ၊ ဆရာမများနှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ တနင်္သာရီမြို့နယ်အတွင်း မဲရုံစုစုပေါင်း (၉၇) ရုံရှိပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူမှာ (၈၀၀၀၀)ကျော် ရှိကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)