စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်တံဆိပ်၊ ဆုငွေချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မုံရွာ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများ အား ဂုဏ်ထူးဆောင်တံဆိပ်၊ ဆုငွေချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်း ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ထူးဆောင်တံဆိပ်ရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ဂုဏ်ပြုချီးမြှင့် ထိုက်သူများအား နှစ်စဉ်ချီးမြှင့်ပေးလျက်ရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လည်း တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် မိမိကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ဖြင့်မိမိတာဝန်များအား ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသူများကို စိစစ်ရွေးချယ်ပြီး ယခုလို ဂုဏ်ပြုဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပြီး ပြည်သူများစိတ်အေးချမ်း သာစွာနေထိုင်သွားလာနိုင်ရေးအတွက် စောင့်ရှောက် ပေးလျက်ရှိရာ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံမူများချမှတ်ပြီး ဆောင်ရွက်နေခြင်း သည် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် ကိုယ်ကျိုးစွန့်ထမ်းဆောင်ခဲ့ သူများအား ဂုဏ်ပြုချီးမြင့်မှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှုထမ်းကောင်းဆု၊ ဇေယျာစီမံထူးချွန်ဆု၊ ဇေယျာလယ်ယာစီးပွားထူးချွန်ဆု၊ ဇေယျာစက်မှုစီးပွား ထူးချွန်ဆုနှင့် ဇေယျာလူမှုထူးချွန်ဆုရရှိ ကြသူ များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ပြုချီးမြင့်ငွေများအား ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ၂၀၂၃ ခုနှစ်အတွင်း အမှတ်(၅) မူးယစ်တပ်ဖွဲ့ခွဲနှင့် နယ်မြေခံရဲတပ်ဖွဲ့များမှ ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးအမှုများမှ သိန်း ၁၀၀ နှင့်အထက်၊ သိန်း ၁၀၀၀ နှင့်အထက်၊ သိန်း ၅၀၀၀ နှင့်အထက်၊ သိန်း ၁၀၀၀၀ နှင့်အထက် ဖမ်းဆီးရမိမှုများအတွက် တာဝန်ရှိသူများထံ ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ချီးမြင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)