ကော့သောင်း ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၀၉:၀၀) အချိန်က ကော့သောင်းခရိုင်နှင့် ကော့သောင်းမြို့နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက အမှာစကား ပြောကြားရာတွင် ဥပဒေရုံးများအနေဖြင့် အများပြည်သူ ယုံကြည်လေးစားရသော ရုံးများ ဖြစ်စေရေး၊ ဥပဒေအကြံဉာဏ်ပေးရာတွင်လည်းကောင်း၊ တရားစွဲနှင့်အမှုလိုက်ပါဆောင်ရွက်ရာတွင် လည်းကောင်း ဥပဒေနှင့်အညီ ဖြစ်စေရေး၊ ရုံးတွင်းစည်းလုံးညီညွတ်စေရေး၊ လူပုဂ္ဂိုလ်နှင့်ရုံး၊ စာရွက်စာတမ်းများ လုံခြုံမှုရှိစေရေးတို့အတွက် အထူးလမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးညွှန့်လွင်က အရာထမ်း၊ အမှုထမ်းများ အနေဖြင့် စည်းစည်းလုံးလုံးနှင့် ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တပြေးညီ ဆက်သွယ်အကူအညီ ရယူဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပြီး ကော့သောင်းခရိုင် ဥပဒေအရာရှိ ဦးစိုးဌေးနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်မေဖြိုးကျော်တို့က လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ တင်ပြပြီး လိုအပ်လျက်ရှိသည့် ရုံးသုံးပစ္စည်းကိရိယာများ အခြေအနေ တင်ပြခဲ့ခြင်းအပေါ် တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီး ဥပဒေအရာရှိတို့က ဖြည့်ဆည်းနိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက ကော့သောင်းခရိုင်အတွင်းရှိ အရာထမ်း အမှုထမ်းများအား နှစ်သစ်ကူး လက်ဆောင်ပစ္စည်းများအား ပေးအပ်ပြီးနောက် တိုင်းဒေသကြီး ဥပဒေချုပ်က နိဂုံးချုပ်စကား ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ပြီးစီးခဲ့သည်။
၎င်းနောက် လက်ရှိဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကော့သောင်းခရိုင်၊ မြို့နယ်ဥပဒေရုံးခြံစည်းရိုး တည်ဆောက်နေမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)